WECHAT - လက်ခံထားသော သုံးစွဲမှုမူဝါဒ
နောက်ဆုံးအကြိမ် ပြင်ဆင်မွမ်းမံခြင်း - [ထည့်သွင်းရန်။] 2023-08-01
WeChat မှ ကြိုဆိုပါသည်။
လက်ခံထားသော သုံးစွဲမှုမူဝါဒတွင် WeChat အား သင့်လျော်ကောင်းမွန်စွာ အသုံးပြုကြောင်း သေချာနိုင်စေရန်အတွက် စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းထားသည်။
ဤမူဝါဒ (WeChat ဝန်ဆောင်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်) သည် WeChat ကို အသုံးပြုသူတိုင်းနှင့် သက်ဆိုင်ပါသည်။ WeChat ကို အသုံးပြုခြင်းဖြင့် သင်သည် ဤမူဝါဒကို သဘောတူရာရောက်ပါသည်။ အဆိုပါမူဝါဒကို သင် သဘောမတူပါက WeChat ကို အသုံးမပြုပါနှင့်။
ကျွန်ုပ်တို့သည် ဤမူဝါဒအား ဝန်ဆောင်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းများနှင့်အညီ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် အချိန်မရွေး ပြင်ဆင်မွမ်းမံနိုင်ပါသည်။
ဤမူဝါဒတွင် အသုံးပြုထားသော သတ်မှတ်စည်းမျဉ်းစည်းကမ်းများသည် ဤမူဝါဒတွင် ဖော်ပြထားသော အဓိပ္ပါယ်ရှိမည်ဖြစ်သည် သို့မဟုတ် ဤမူဝါဒတွင် အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါက WeChat ဝန်ဆောင်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းများတွင် ဖော်ပြထားသော အဓိပ္ပါယ်ရှိမည်ဖြစ်သည်။
ဤမူဝါဒနှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်များရှိပါက ဤမူဝါဒ၏အဆုံး၌ပါရှိသော အသေးစိတ်အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
1. အထွေထွေ
1.1. မိတ်ဆက်
WeChat အတွက် ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ ကျွန်ုပ်တို့သုံးစွဲသူများ၏ဘဝများအပေါ် အမြဲတစေ ကောင်းကျိုးသက်ရောက်စေရန်နှင့် သုံးစွဲသူများကို အကျိုးပြုသော ပလပ်ဖောင်းတစ်ခုဖြစ်လာစေရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် WeChat အား အဆင့်မြှင့်တင်ရန်နှင့် ဆန်းသစ်ပြောင်းလဲရန် စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိပါသည်။ အဆိုပါရည်မှန်းချက်အား အောင်မြင်မှု၏တစ်စိတ်တစ်ပိုင်းမှာ သုံးစွဲသူများ WeChat ကို ဘေးကင်းစွာ ဆက်လက်အသုံးပြုနိုင်ပြီး သုံးစွဲသူများအားလုံးက WeChat အား လက်ခံနိုင်သော အပြုအမူဖြင့် အသုံးပြုကြောင်း သေချာစေခြင်းဖြစ်သည်။ အဆိုပါမူဝါဒတွင် သုံးစွဲသူများက WeChat အား သင့်လျော်ကောင်းမွန်စွာ အသုံးပြုကြောင်း သေချာစေရန်အတွက် စည်းမျဉ်းများကို ပြဋ္ဌာန်းထားသည်။ WeChat ပေါ်တွင် ခွင့်ပြု ထား သော သို့မဟုတ် ခွင့်ပြု ခြင်း မ ရှိ သော အကြောင်းအရာ များ နှင့် အပြုအမူ အမျိုးအစား များ ကို ထပ်မံ ရှင်းပြ ထား သော ၊ WeChat လူ့အသိုင်းအဝိုင်း လမ်းညွှန် ကို လည်း သင် ရည်ညွှန်း နိုင် ပါ သည် ။
ကျွန်ုပ်တို့သည် ဤမူဝါဒကို ဖန်တီးရေးဆွဲရာ၌ သုံးစွဲသူများနှင့် နယ်ပယ်တွင်းရှိ ကျွမ်းကျင်သူများထံမှ စဉ်ဆက်မပြတ်သော တုံ့ပြန်မှုများကို လမ်းညွှန်ချက်အဖြစ် အသုံးပြုပြီး ဤမူဝါဒတွင် မတူကွဲပြားသော စိတ်ကူးအတွေးအမြင်များ၊ ရှုထောင့်များနှင့် အချက်အလက်များပါဝင်ကြောင်း သေချာစေရန် ကြိုးစားထားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သုံးစွဲသူများထံမှ တုံ့ပြန်ချက်များကို အမြဲတစေ ကြိုဆိုလျက်ရှိပါသည် - သင် တုံ့ပြန်ချက်ပေးလိုပါက ဤမူဝါဒအဆုံးတွင် ဖော်ပြထားသော အသေးစိတ်အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
1.2. ဤမူဝါဒ စိုးမိုးရေးနှင့် ချိုးဖောက်မှု (သို့မဟုတ် ဖြစ်ပွားလာနိုင်သော ချိုးဖောက်မှု)
သင် ဤမူဝါဒကို ချိုးဖောက်ခဲ့ပါက (သို့မဟုတ် သင်ချိုးဖောက်ခဲ့သည်ဟု ကျွန်ုပ်တို့က ကျိုးကြောင်းဆီလျော်စွာ ယူဆပါက) ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် အောက်ဖော်ပြပါတစ်စုံတစ်ရာ သို့မဟုတ် အားလုံးကို လုပ်ဆောင်နိုင်ပါသည်-
- a. သင့်အပြုအမူနှင့်စပ်လျဉ်း၍ သတိပေးချက် ထုတ်ပြန်ခြင်း။
- b. အဆိုပါချိုးဖောက်မှု (သို့မဟုတ် ကျိုးကြောင်းဆီလျော်နေသည့် သံသယဖြစ်ဖွယ် ချိုးဖောက်မှု) နှင့်ဆက်စပ်သော သက်ဆိုင်ရာအကြောင်းအရာအား မဖော်ပြခြင်း သို့မဟုတ် ဖယ်ရှားခြင်း။
- c. သံသယရှိသော သို့မဟုတ် အတည်ပြုထားသော ဤမူဝါဒအား ချိုးဖောက်မှုကြောင့် ကြိုတင်ကာကွယ်မှု ဆောင်ရွက်ရန် သက်ဆိုင်ရာအကြောင်းအရာ၏ လက်ခံသူများထံ အသိပေးချက် ပြသခြင်း။
- d. အချို့သော အကောင့်လုပ်ဆောင်ချက်များအား အသုံးမပြုနိုင်အောင် သင့်အား ကန့်သတ်ခြင်း သို့မဟုတ် သင့်အကောင့်ကို ဆိုင်းငံ့ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း။
- e. သင် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု ကျွန်ုပ်တို့က ကျိုးကြောင်းခိုင်လုံစွာ ယူဆပါက သို့မဟုတ် သက်ဆိုင်သည့်ဥပဒေများအရ ထိုကဲ့သို့လုပ်ဆောင်ရန် လိုအပ်ပါက သက်ဆိုင်ရာတရားစီရင်ပိုင်ခွင့်အတွင်းရှိ သင့်လျော်သော အစိုးရနှင့်/သို့မဟုတ် တရားဥပဒေစိုးမိုးရေးအာဏာပိုင်များထံ အသိပေး၊ အကြောင်းကြားပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
ဤမူဝါဒကို တရားစီရင်ပိုင်ခွင့်များအားလုံး၌ တသတ်မတ်တည်းကျင့်သုံးရန် ရည်ရွယ်ထားပြီး၊ အချို့သော တရားစီရင်ပိုင်ခွင့်များတွင် ဤမူဝါဒ၏အစိတ်အပိုင်းများအား မတူကွဲပြားစွာ ကျင့်သုံးရန် လိုအပ်သော သက်ဆိုင်သည့်ဥပဒေများအရ သီးခြားလိုအပ်ချက်များ ရှိနိုင်ပါသည်။ ထို့ပြင် WeChat နှင့်သက်ဆိုင်သော ဥပဒေများကို အမြဲတစေ တိုးတက်ပြောင်းလဲနေသည့်အတွက်ကြောင့် အခြားသော တရားစီရင်ပိုင်ခွင့်များရှိ သုံးစွဲသူများနှင့်သက်ဆိုင်သော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ၏ အပြောင်းအလဲများကို ကျေးဇူးပြုပြီး သတိထားစေလိုပါသည်။
ဤမူဝါဒအား ချိုးဖောက်နိုင်ချေရှိသော အခြားသုံးစွဲသူကို တိုင်ကြားလိုပါက ကျွန်ုပ်တို့၏ ဆက်သွယ်ရန်အချက်အလက်များအတွက် ဤမူဝါဒပါ အပိုဒ် 12 ကို ကိုးကားပါ။
1.3. ဤမူဝါဒကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကျင့်သုံးသနည်း။
ကျွန်ုပ်တို့သည် ဤမူဝါဒအား ကျင့်သုံးသောအခါနှင့် အကြောင်းအရာ သို့မဟုတ် အပြုအမူတစ်စုံတစ်ရာသည် ဤမူဝါဒအား ချိုးဖောက်ခြင်းရှိ၊ မရှိ စဉ်းစားဆင်ခြင်သောအခါတို့၌ ကျိုးကြောင်းဆီလျော်စွာ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုမူဝါဒအား ချိုးဖောက်သည့် အကြောင်းအရာ သို့မဟုတ် အပြုအမူများဟု ကျွန်ုပ်တို့ဘက်က ယူဆသည့် နောက်ထပ်အချက်အလက်များအတွက် ယခုမူဝါဒ၏ ကျန်ရှိသောအပိုင်းများကို ဆက်လက်ဖတ်ရှုပါ-
WeChat အသုံးပြုခြင်းသည် ကျွန်ုပ်တို့၏သုံးစွဲသူများအတွက် ဘေးကင်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော အတွေ့အကြုံ ပေးစွမ်းနိုင်ကြောင်း သေချာစေရန်အပြင် ဤမူဝါဒသည် ကျွန်ုပ်တို့၏တန်ဖိုးများ၊ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများကို ထင်ဟင်ပြသနေကြောင်း သေချာစေရန်အတွက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သုံးစွဲသူများ၊ ပြင်ပအဖွဲ့အစည်း ကျွမ်းကျင်ပညာရှင်များနှင့် မကြာခဏ ချိတ်ဆက်ဆက်သွယ်သွားမည် ဖြစ်ပါသည်။
1.4 အန္တရာယ်ရှိသောအကြောင်းအရာများကို ကျွန်ုပ်တို့ဘက်က စုံစမ်းသိရှိပုံ
ကျွန်ုပ်တိုအနေဖြင့် WeChat အား ဝင်ရောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ကျန်ရှိနေခြင်း စသည်တို့မှ ဖြစ်ပေါ်လာမည့် ယခုမူဝါဒ (သက်ဆိုင်ရာဥပဒေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည့် အကြောင်းအရာများ အပါအဝင်) အား ချိုးဖောက်သည့် အန္တရာယ်ရှိသော အကြောင်းအရာများကို စုံစမ်းသိရှိရန်နှင့် တားဆီးရန် အလို့ငှာ သက်ဆိုင်ရာဥပဒေများအောက်ရှိ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများနှင့်အညီ အလိုအလျောက်ဖြစ်သော လုပ်ငန်းစဉ်ကို ဖန်တီးအသုံးချထားပါသည်။ ယခုမူဝါဒအား ချိုးဖောက်ခြင်းဖြစ်သည့် WeChat မှတစ်ဆင့် ရရှိနိုင်သော သို့မဟုတ် ပျံ့နှံ့လာသော အန္တရာယ်ရှိသည့် မည်သည့်အကြောင်းအရာကိုမဆို ကျွန်ုပ်တို့ဘက်က ငြင်းဆိုခြင်း သို့မဟုတ် ဖယ်ရှားခြင်း လုပ်ဆောင်နိုင်ပါသည်။ ယခုပုဒ်မ 1.4 နှင့်အညီဆောက်ရွက်သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်များရှိပါက policy@wechat.com သို့ ဆက်သွယ်နိုင်ပါသည်။
1.5 Weixin နှင့် အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်မှု
WeChat ကို Weixin နှင့် အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ပြီး Weixin အသုံးပြုသူများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ Weixin ၏ အချို့သော လုပ်ဆောင်ချက်များကို အသုံးပြုခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။
Weixin ၏ လုပ်ဆောင်ချက်များကို အသုံးပြုလျှင် သက်ဆိုင်ရာ Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ သို့မဟုတ် ထိုလုပ်ဆောင်ချက်အတွက် အကျုံးဝင်သည့် ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်တို့ကို လိုက်နာရပါမည်။အဆိုပါ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့ပါက ကျွန်ုပ်တို့ဆုံးဖြတ်ချက်အလိုက် Weixin ၏ လုပ်ဆောင်ချက်များအား သင်အသုံးပြုမှုအပေါ် တားမြစ်မှုများ အပါအဝင် WeChat နှင့် Weixin အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်မှုကို ကန့်သတ်မှုများ ရှိနိုင်သည်။
သင်ပြောဆိုဆက်သွယ်သည့် Weixin အသုံးပြုသူများသည် Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ *Weixin အကောင့် အသုံးပြုမှုဆိုင်ရာ စံချိန်စံညွှန်းများ *းနှင့် အခြားသက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းဥပဒေများကို လိုက်နာရပါမည်။ ဆိုလိုသည်မှာ Weixin အသုံးပြုသူများနှင့် သင့်အကြား ပြောဆိုဆက်သွယ်မှုကြောင့် အဆိုပါ Weixin အသုံးပြုသူများသည် Weixin ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ *Weixin အကောင့် အသုံးပြုမှုဆိုင်ရာ စံချိန်စံညွှန်းများ *းနှင့် အခြားသက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းဥပဒေများကို ချိုးဖောက်မှုများ ဖြစ်လာနိုင်ပါက Weixin သည် ၎င်း၏ဆုံးဖြတ်ချက်အလျောက် Weixin အသုံးပြုသူများကို WeChat အသုံးပြုသူများနှင့် ပြောဆိုဆက်သွယ်မှုများကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း အပါအဝင် Weixin တွင် WeChat သုံး၍ အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်မှုကို တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ လုပ်နိုင်သည်။
နောက်ဆုံးအနေဖြင့် ဤမူဝါဒကို သင်ချိုးဖောက်ခဲ့လျှင် (သို့မဟုတ် ချိုးဖောက်ခဲ့သည်ဟု ကျွန်ုပ်တို့က ကျိုးကြောင်းဆီလျော်စွာ ယုံကြည်လျှင်) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဆုံးဖြတ်ချက်အလျောက် ဤမူဝါဒနှင့်အညီ အရေးယူသွားနိုင်ပါသည်။
2. အကြမ်းဖက်မှုနှင့် ရာဇဝတ်မှု
ကျွန်ုပ်တို့သည် အကြမ်းဖက်သော၊ ဥပဒေချိုးဖောက်သော သို့မဟုတ် မသင့်လျော်သော အကြောင်းအရာများကို WeChat တွင် တားမြစ်ထားပါသည်။
အထူးသဖြင့် ကျွန်ုပ်တို့သည် အများပြည်သူဘေးကင်းရေးအပေါ် အန္တရာယ်ကျရောက်စေနိုင်သော သို့မဟုတ် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေနိုင်သော (ကျွန်ုပ်တို့၏အမြင်အရ) မည်သည့်အကြောင်းအရာကိုမဆို အစောဆုံး လက်တွေ့ဆောင်ရွက်နိုင်သည့်အချိန်၌ ဖယ်ရှားကြောင်း သေချာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ထို့အပြင် သက်ဆိုင်သည့် ဥပဒေ သို့မဟုတ် စည်းမျဉ်းတစ်စုံတစ်ရာကို ချိုးဖောက်သော မည်သည့်အကြောင်းအရာကိုမဆို အစောဆုံး လက်တွေ့ဆောင်ရွက်နိုင်သည့်အချိန်၌ ဖယ်ရှားမည်ဖြစ်သည်။
ယင်းကဲ့သို့သော အကြောင်းအရာ သို့မဟုတ် အပြုအမူတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-
- a. အကြမ်းဖက်မှု (လူသတ်မှု သို့မဟုတ် အခြားသူများအားသတ်ရန် လူငှားဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့ အပါအဝင်) ကျူးလွန်ခြင်းနှင့်စပ်လျဉ်းသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ထုတ်ပြန်ချက်များအပါအဝင် အခြားသူများအား ခြိမ်းခြောက်မှုများ။
- b. လက်နက်များ သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပုံ ညွှန်ကြားချက်များ။
- c. အန္တရာယ်ကျရောက်လုဆဲဆဲဖြစ်သော အကြမ်းဖက်မှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုကို တွန်းအားပေးသည့် သတင်းမှားများ။
- d. တရားမဝင်သော လှုပ်ရှားမှုများကို ကြော်ငြာသည့် သို့မဟုတ် ကြော်ငြာသော လုပ်ငန်းလုပ်ကိုင်သည့်/ ကြော်ငြာရန် ရည်ရွယ်သည့် မည်သည့်အဖွဲ့အစည်းမဆို။
- e. အကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ ခိုးမှုနှင့်/သို့မဟုတ် လိမ်လည်မှုတို့ကို ကြော်ငြာခြင်း သို့မဟုတ် လူသိရှင်ကြား သတင်းလွှင့်ခြင်း။
- f. နောင်တွင် လုပ်ဆောင်မည့် ပြစ်မှုမြောက်သော လှုပ်ရှားမှုအတွက် ပံ့ပိုးကူညီခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း။
ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ကြော်ငြာခြင်းအပါအဝင် အထက်ဖော်ပြပါအခြေအနေများတွင် ပါဝင်သည့် မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကိုမဆို ကျွန်ုပ်တို့ တားမြစ်ပိတ်ပင်ပါသည်။
မတူညီသော တရားစီရင်ပိုင်ခွင့်များ၌ ကျူးလွန်သော ဥပဒေချိုးဖောက်သည့်နှင့်/သို့မဟုတ် တရားမဝင်သည့် လှုပ်ရှားမှုများတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-
- g. အကြမ်းဖက်လှုပ်ရှားမှု၊ စနစ်တကျစီစဉ်ထားသော အမုန်းပွားမှု၊ ပြန်ပေးဆွဲခြင်း၊ လူကုန်ကူးခြင်း သို့မဟုတ် စနစ်တကျစီစဉ်ထားသော ဥပဒေချိုးဖောက်သည့် လှုပ်ရှားမှု။
- h. အကြမ်းဖက်လုပ်ရပ်များ - ဥပမာ၊ လူသတ်မှု၊ လူများ သို့မဟုတ် တိရစ္ဆာန်များကို ထိခိုက်နာကျင်စေမှု (လက်ဝှေ့ထိုးခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အစားအသောက်ပြင်ဆင်ခြင်းကဲ့သို့သော တရားဝင်လှုပ်ရှားမှုများ မပါဝင်ပါ)။
- i. တရားမဝင်သော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများပေးခြင်း - ဥပမာ၊ အခြားသူများအားသတ်ရန် လူငှားခြင်း ဝန်ဆောင်မှုများ၊ တားမြစ်ထားသော သို့မဟုတ် တရားမဝင်သော ကုန်ပစ္စည်းများကို ရောင်းချခြင်း၊ တရားမဝင်ရယူထားသော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ (ဥပမာ၊ ခိုးယူထားသော အချက်အလက်များ သို့မဟုတ် ကုန်ပစ္စည်းများ) ကို ရောင်းချခြင်း၊ ငွေစက္ကူအတု ဖြန့်ချိခြင်း။
- j. ခိုးမှု။
- k. ပြည်သူပိုင်ပစ္စည်းအား လက်သရမ်း၍ ဖျက်ဆီးခြင်း။
- l. အရေးပေါ်ဝန်ဆောင်မှုများသို့ နောက်ပြောင်လိမ်လည်၍ ဖုန်းခေါ်ဆိုခြင်း - ဆိုလိုသည်မှာ၊ အရေးပေါ်အခြေအနေတစ်ရပ်အား လိမ်လည်တိုင်ကြားခြင်း။
- m. လိမ်လည်မှု/ငွေအလွဲသုံးစားမှု သို့မဟုတ် ငွေကြေးခဝါချခြင်း။
- n. သုံးစွဲသူကာကွယ်ရေးနှင့်ဆက်စပ်သော လိုအပ်ချက်များကို ချိုးဖောက်သည့် လှုပ်ရှားမှုများ - ဥပမာ၊ လိမ်လည်ကြော်ငြာခြင်းနှင့် ကုန်ပစ္စည်းအတုများ/ဝန်ဆောင်မှုအတုများကို ကုန်သွယ်ခြင်း။
- o. လောင်းကစားလုပ်ခြင်း။
ကျွန်ုပ်တို့ WeChat တွင် တားမြစ်ထားသည့် အမျိုးမျိုးသော တရားမဝင်လှုပ်ရှားမှုများနှင့်စပ်လျဉ်းသည့် ထပ်လောင်းအသေးစိတ်အချက်အလက်များကို ဤမူဝါဒဆိုင်ရာ သတိပေးချက်တွင် ဖော်ပြထားပါသည်။
3. ကိုယ်ရေးအချက်အလက် လုံခြုံမှု
ကျွန်ုပ်တို့သည် WeChat မှာ ကျွန်ုပ်တို့၏သုံးစွဲသူများအားလုံးအတွက် ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်ကြောင်း သေချာစေလိုပါသည်။
ထို့အတွက် ကျွန်ုပ်တို့သည် အောက်ဖော်ပြပါအခြေအနေများအား သရုပ်ဖော်ခြင်း၊ ကြော်ငြာခြင်း သို့မဟုတ် ပါဝင်လာစေရန် တိုက်တွန်းအားပေးခြင်း သို့မဟုတ် ဆွယ်ခြင်းတို့နှင့်ဆက်စပ်သော မည်သည့်အကြောင်းအရာ သို့မဟုတ် အပြုအမူမျိုးကိုမဆို တားမြစ်အပ်ပါသည်-
- a. သတ်သေခြင်းနှင့် မိမိကိုယ်ကိုနာကျင်စေခြင်း - ညင်သာစွာ ဇီဝိန်ခြွေပေးခြင်း၊ မိမိကိုယ်ကို ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်း၊ အပြင်းအထန် ကိုယ်အလေးချိန်လျော့ချခြင်းနှင့် အန္တရာယ်ရှိသော အလှအပရေးရာ လုပ်ငန်းစဉ်များအပါအဝင်။
- b. ကလေးငယ်များ၏ ကိုယ်လုံးတီးပုံနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း - အရွယ်ရောက်ပြီးသူများက ငယ်ရွယ်သူများကို မြူဆွယ်သော အကြောင်းအရာများ (အပြန်အလှန်) အပါအဝင်။
- c. အရွယ်ရောက်ပြီးသူများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း - ဥပမာ၊ အသက်မပြည့်သေးသော အရွယ်ရောက်ပြီးသူများ ပါဝင်သော ဖျော်ဖြေတင်ဆက်မှုများ သို့မဟုတ် ဓာတ်ပုံများ၊ ငွေဖြင့်ဝယ်ယူနိုင်သော လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် အခြားသော ညစ်ညမ်းရုပ်ရှင်/စာပေအမျိုးအစားများ (လူသိရှင်ကြား ဖြန့်ချိခြင်းကို ခွင့်ပြုထားခြင်းရှိ၊ မရှိ)။
- d. အထူးသဖြင့် အသက်မပြည့်သေးသူကို ပစ်မှတ်ထားလျက် - နိုင့်ထက်စီးနင်းပြုခြင်းနှင့် အနှောင့်အယှက်ပေးခြင်းနှင့် နိုင့်ထက်စီးနင်းပြုသော အပြုအမူများ ပါဝင်သည့် ဆက်သွယ်မှုများ (ဥပမာ၊ မက်ဆေ့ချ်များ သို့မဟုတ် ဖုန်းခေါ်ဆိုမှု) အပါအဝင်။
- e. လူသားအပေါ် အမြစ်ထုတ်ခြင်း - ဥပမာ၊ အကြပ်ကိုင်မှု သို့မဟုတ် ဖိအားပေးမှုဖြင့် သို့မဟုတ် အကြပ်ကိုင်မှု သို့မဟုတ် ဖိအားပေးမှုမပါဘဲ၊ လိင်ပိုင်းဆိုင်ရာ အကြောင်းကိစ္စပါဝင်လျက် သို့မဟုတ် မပါဝင်ဘဲ လူကုန်ကူးခြင်း (လွတ်လပ်သူတစ်ဦးအား အမြတ်အစွန်းရရှိစေရန် ပိတ်လှောင်ထားခြင်း) နှင့် လူမှောင်ခိုလုပ်ခြင်း (နိုင်ငံတစ်နိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နိုင်ရန် ပို့ဆောင်ပေးခြင်း သို့မဟုတ် ကူညီပေးခြင်း)။
- f. ကျိုးကြောင်းသင့်တင့်စွာ စိတ်မချမ်းသာခြင်းနှင့်/သို့မဟုတ် ပူပင်သောကဖြစ်စေနိုင်သော (ကျွန်ုပ်တို့၏အမြင်အရ) အခြားအပြုအမူ။
4. ကိုယ်ရေးအချက်အလက်နှင့် သီးသန့်/လျှို့ဝှက်အချက်အလက်များကို ကာကွယ်ခြင်း
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်နှင့် သီးသန့်/လျှို့ဝှက်အချက်အလက်များကို ကာကွယ်ရန်နှင့် အဆိုပါအချက်အလက်များအား သက်ဆိုင်ရာသုံးစွဲသူ၏ ခွင့်ပြုချက် သို့မဟုတ် အခြားသော တရားဥပဒေအရ လိုအပ်ချက်မပါရှိဘဲ မျှဝေခြင်း သို့မဟုတ် ထုတ်ဝေခြင်းကို တားမြစ်ရန် ဆောင်ရွက်ပါသည်။ အဆိုပါတားမြစ်ထားသော အပြုအမူများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- a. သက်သေခံအထောက်အထား ခိုးယူခြင်း။
- b. ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးအချက်အလက်များကို ပို့စ်တင်ခြင်း ("အန္တရာယ်ပြုရန် ရည်ရွယ်ချက်ဖြင့် သီးသန့်အချက်အလက်များအား ရှာဖွေ၍ အင်တာနက်ပေါ်တွင် ဖြန့်ဝေခြင်း" - ဆိုလိုသည်မှာ အနှောင့်အယှက်ပြုရန်၊ သတိပေးရန် သို့မဟုတ် စိတ်ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် ဒေတာပိုင်ရှင်၏ သက်သေခံအထောက်အထားအချက်အလက်အား ဖြန့်ဝေခြင်း)။
- c. ဟက်ခ်ခြင်း သို့မဟုတ် အခြားသော တရားမဝင် သို့မဟုတ် ကျင့်ဝတ်နှင့်မညီညွတ်သော နည်းလမ်းများဖြင့် ရယူထားသော အချက်အလက်များကို ပို့စ်တင်ခြင်း။
- d. အိမ်ရာများ/ဘေးကင်းသော နေအိမ်များသို့ တရားမဝင်ဝင်ရောက်ခြင်း။
- e. အသက်မပြည့်သေးသူ၏ အချက်အလက်များကို ပို့စ်တင်ခြင်း။
ထို့အပြင် ကျွန်ုပ်တို့သုံးစွဲသူများ၏အချက်အလက်များကို ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ အမြဲတစေ ကိုင်တွယ်ဆောင်ရွက်၊ ကာကွယ်ပါသည်။
5. မနှစ်မြို့ဖွယ် အကြောင်းအရာ
ကျွန်ုပ်တို့သည် မနှစ်မြို့ဖွယ် အကြောင်းအရာနှင့် အပြုအမူတို့ကို WeChat ပေါ်တွင် တားမြစ်ထားပါသည်။ ကျွန်ုပ်တို့သည် မနှစ်မြို့ဖွယ် အကြောင်းအရာနှင့် အပြုအမူအား လူတစ်ဦးတစ်ယောက်နှင့်/သို့မဟုတ် အများပြည်သူအား ကျိုးကြောင်းသင့်တင့်စွာ စိတ်မချမ်းသာခြင်းနှင့်/သို့မဟုတ် ပူပင်သောက ဖြစ်စေနိုင်သော အကြောင်းအရာ သို့မဟုတ် အပြုအမူအဖြစ် မှတ်ယူပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည်-
- a. အမုန်းစကား - ဥပမာ၊ လူမျိုး၊ လူမျိုးစု၊ နိုင်ငံသား၊ ကိုးကွယ်သည့်ဘာသာ၊ လိင်စိတ်တိမ်းညွတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုများ သို့မဟုတ် အခြားသော "ဂုဏ်သိက္ခာကျစေသည့်" စကား သို့မဟုတ် ရုပ်ပုံ။
- b. အကြမ်းဖက်မှု ဂရပ်ဖစ်အကြောင်းအရာ - လူရော တိရစ္ဆာန်ရောအပေါ် (ရှင်လျက်ဖြစ်စေ၊ သေလျက်ဖြစ်စေ) အပါအဝင်
- c. ကိုယ်လုံးတီးပုံနှင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှု။
- d. လိင်ပိုင်းဆိုင်ရာ မြူဆွယ်ခြင်း - ဥပမာ၊ ညစ်ညမ်းရုပ်ရှင်/စာပေ သို့မဟုတ် အခြားသူများအား လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများဆိုင်ရာ ပြည့်စုံရှင်းလင်းသော ကမ်းလှမ်းချက်များ/တောင်းဆိုချက်များကို မျှဝေခြင်း။
- e. ရက်စက်သော စာနာစိတ်ကင်းမဲ့သော ကိစ္စရပ် သို့မဟုတ် အခြားသော ရုန့်ရင်းကြမ်းတမ်းသည့် အပြုအမူ - ဥပမာ၊ ဆိုးရွားပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ကို တွေ့ကြုံခံစားထားရသည့် နစ်နာသူများအား ပစ်မှတ်ထားခြင်း၊ လူတစ်ဦးအား သေခိုင်းခြင်း၊ ညစ်ညမ်းရုပ်ပုံ/ဗီဒီယိုအား ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေခြင်းနှင့် မှားယွင်းပြောဆိုချက်များ (ဥပမာ၊ မှားယွင်းသော အပျက်သဘောဆောင်သည့် အကျင့်စရိုက်/စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြောဆိုချက်များ)။
6. စစ်မှန်သော အကြောင်းအရာနှင့် အပြုအမူ
WeChat ပေါ်ရှိ မှားယွင်းသော သတင်းများ၊ လုပ်ကြံသတင်းများ၊ သတင်းမှားများ၊ လိမ်လည်ကြော်ငြာခြင်း၊ လိမ်လည်ခြင်းနှင့် လုံခြုံရေးချိုးဖောက်ခြင်းများကို ဖယ်ရှားရှင်းလင်းရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် WeChat ပေါ်ရှိ အကြောင်းအရာနှင့် အပြုအမူများသည် မှန်ကန်ကြောင်း သေချာနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပါသည်။
ထို့အတွက် ကျွန်ုပ်တို့သည် အောက်ပါအကြောင်းအရာများကို တားမြစ်အပ်ပါသည်-
- a. တောင်းဆို၊ ခွင့်ပြုထားခြင်းမရှိသော အကြောင်းအရာ - အကောင့်အတုများကို အသုံးပြုခြင်း သို့မဟုတ် လူများထံ စာတိုပို့ရန် သို့မဟုတ် အဆက်အသွယ်များ ရရှိစေရန် သို့မဟုတ် အကြောင်းအရာများ ဖန်တီးရန်အတွက် အခြားသူများ၏အကောင့်များကို ထိခိုက်စေခြင်းနှင့် အယောင်ဆောင်မှုများ (ဥပမာ၊ အကောင့်ဝင်ရန် အထောက်အထားများကို အလွဲသုံးစားပြုခြင်း သို့မဟုတ် သတင်းမှားများ ဖြန့်ဝေခြင်း) ၌ အခြားသောအသုံးပြုသူများနှင့်အတူ ချိတ်ဆက်ပါဝင်ရန် ကြိုးစားခြင်းအပါအဝင်။
- b. WeChat အား ခြယ်လှယ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းများ - အခြားသူများ၏ WeChat အသုံးပြုမှုအား ခြယ်လှယ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းအပါအဝင်။
- c. မှားယွင်းသော သတင်းများ၊ လုပ်ကြံသတင်းများ သို့မဟုတ် သတင်းမှားများနှင့် ဆက်စပ်သော၊ အကြောင်းအရာခေါင်းစဉ်တစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက်နှင့် ဆက်စပ်သော မမှန်ကန်သည့်အပြုအမူ၌ ချိတ်ဆက်ပါဝင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ပါဝင်ခြင်း။
- d. ပြည့်ပြည့်စုံစုံထုတ်ဖော်ဖွင့်ဟခြင်းမရှိဘဲ အစိုးရအဖွဲ့အစည်းများကိုယ်စား WeChat ကို အသုံးပြုခြင်း။
- e. အခြားသူများကို လှည့်ဖြားခြင်း၊ ဇဝေဇဝါဖြစ်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်းများ ဖြစ်နိုင်သည့် (ကြီးမားသော လိမ်လည်မှုများ အပါအဝင်) အတုလုပ်ထားသည့် သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်ထားသည့် ပြသမှု/အကြောင်းအရာများ။
အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များသည် အဆိုပါနယ်ပယ်ကဏ္ဍ၌ ဥပဒေများကို ပြဋ္ဌာန်းပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့လုပ်ဆောင်ရန် လိုအပ်သည့်နေရာ၌ အဆိုပါဥပဒေများကို လိုက်နာပါသည် (အဆိုပါဥပဒေများနှင့်အညီ ရေးဆွဲပြုလုပ်ထားသော အစိုးရပိုင်းဆိုင်ရာ တောင်းဆိုချက်များနှင့် တရားရုံးအမိန့်စာများ အပါအဝင်)။ အစိုးရပိုင်းဆိုင်ရာ တောင်းဆိုချက်များအား ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်သည့် ထပ်လောင်းအချက်အလက်များအတွက် ကျွန်ုပ်တို့၏ တရားဥပဒစိုးမိုးရေးအဖွဲ့၏ အချက်အလက်တောင်းဆိုမှုဆိုင်ရာ လမ်းညွှန်ချက်များ နှင့် အစိုးရပိုင်းဆိုင်ရာ တောင်းဆိုမှု မူဝါဒတို့တွင် ကြည့်ရှုပါ။
7. WeChat အား အလွဲသုံးစားပြုခြင်း
7.1. အထွေထွေ
ကျွန်ုပ်တို့သည် WeChat အား အလွဲသုံးစားပြုမှုကို တားမြစ်အပ်ပါသည်။ ယင်းတို့တွင် ပါဝင်သည်များမှာ-
- a. သင့်ကိုယ်ပိုင်အထောက်အထားကို လွဲမှားစွာတင်ပြခြင်း - ဥပမာ၊ အမည်မှား သို့မဟုတ် မွေးသက္ကရာဇ်အမှားကို အသုံးပြုခြင်း၊ သင်အဖြစ် ဟန်ဆောင်ထားသော မမှန်ကန်သည့်ဓာတ်ပုံများကို တင်ခြင်း၊ အကြောင်းအရာတစ်စုံတစ်ရာ၏ရင်းမြစ် သို့မဟုတ် ဇာစ်မြစ်နှင့်ပတ်သက်၍ သုံးစွဲသူများအား သို့မဟုတ် WeChat အား လှည့်စားခြင်း။
- b. အကောင့်မှားများအား ဖန်တီးခြင်း သို့မဟုတ် WeChat အား အလွဲသုံးစားပြုရန်အတွက် အကောင့်အများအပြား ဖန်တီးခြင်း။
- c. သင်၏ WeChat အသုံးပြုမှုကို ကျွန်ုပ်တို့ တားမြစ်ပြီးနောက် အကောင့်တစ်ခုဖန်တီးခြင်း။
- d. မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွင်းအပါအဝင် ကျွန်ုပ်တို့အား အချက်အလက်အမှားများပေးခြင်း။
- e. သင့်အကောင့်ကို အခြားသုံးစွဲသူ(များ) နှင့် မျှဝေခြင်း။
- f. အခြားသုံးစွဲသူများအား နှောင့်ယှက်တိုက်ခိုက်ရန် WeChat အား အသုံးပြုခြင်း။
- g. တစ်ခါတစ်ရံ ကျွန်ုပ်တို့တွင်ရှိလာနိုင်သည့် အခြားသော မှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက်များကို ချိုးဖောက်ခြင်း။
7.2. ကျွန်ုပ်တို့၏အခွင့်အရေးများအား ချိုးဖောက်ခြင်းနှင့် WeChat အား နည်းပညာပိုင်းဆိုင်ရာ နှောင့်ယှက်တိုက်ခိုက်ခြင်း
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အခွင့်အရေးများကို ချိုးဖောက်သော (သို့မဟုတ် ချိုးဖောက်ရာရောက်နိုင်သော) သို့မဟုတ် တစ်နည်းအားဖြင့် WeChat အား နည်းပညာပိုင်းအရ နှောင့်ယှက်တိုက်ခိုက်သော WeChat အသုံးပြုမှုများကို တားမြစ်ထားပါသည်။ ယင်းကဲ့သို့သောအသုံးပြုမှုများတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-
- a. ကျွန်ုပ်တို့၏ ဉာဏပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများ (ကျွန်ုပ်တို့၏ ကုန်သွယ်မှုအမှတ်အသားများ၊ ကုန်အမှတ်တံဆိပ်၊ ကိုယ်ပိုင်အမှတ်တံဆိပ်၊ အခြားသော ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ သို့မဟုတ် စာမျက်နှာများ၏အဆင်အပြင် သို့မဟုတ် ဒီဇိုင်း) ကို အသုံးပြုခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်း သို့မဟုတ် တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏ ဉာဏပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများ (WeChat သို့ ဝင်ရောက်ရန် အသုံးပြုသော အက်ပ်လီကေးရှင်းများ သို့မဟုတ် ဆော့ဖ်ဝဲလ်အားပြောင်းရန် ကြိုးစားခြင်း အပါအဝင်) ကို ချိုးဖောက်ခြင်း၊
- b. WeChat သို့ ဝင်ရောက်ခြင်း၊ WeChat မှတဆင့် ရရှိနိုင်သည့် အကြောင်းအရာများကို ရယူစုဆောင်းခြင်း သို့မဟုတ် စီမံဆောင်ရွက်ခြင်း သို့မဟုတ် စက်အစားထိုးအသုံးပြုသော ဘော့တ်များ၊ ဆော့ဖ်ဝဲလ်၊ အင်ဂျင်များ၊ ခရော်လာများ၊ စခရပ်ပါများ၊ ဒေတာတူးဖော်ခြင်းကိရိယာများနှင့် အလားတူကိရိယာများကို အသုံးပြုသော ကိစ္စရပ်တိုင်းတွင် အဆက်အသွယ်များကို WeChat မှတဆင့် ပေးပို့ခြင်း သို့မဟုတ် တစ်ဆင့်လမ်းညွှန်ခြင်း သို့မဟုတ် အထက်ဖော်ပြပါတစ်စုံတစ်ရာကို လုပ်ဆောင်ရန် ကြိုးစားခြင်း၊
- c. "အမှုဆင်ခြင်း"၊ "ပုံတူကူးခြင်း" သို့မဟုတ် WeChat ၏ ပုံပန်းသွင်ပြင် သို့မဟုတ် လုပ်ဆောင်ချက်ကို ပုံတူကူးယူသည့် အခြားသောနည်းပညာများတွင် ပါဝင်ခြင်း၊
- d. အသုံးပြုသူတစ်ဦးတစ်ယောက်၏ သို့မဟုတ် အခြားသော အဖွဲ့အစည်းတစ်ခု၏ WeChat သို့ ဝင်ရောက်မှုကို နှောင့်ယှက်ခြင်း သို့မဟုတ် နှောင့်ယှက်ရန် ကြိုးစားခြင်း၊
- e. ဗိုင်းရပ်စ်များ၊ အန္တရာယ်ပြုတတ်သော ဆော့ဖ်ဝဲလ်များ၊ ထရိုင်ဂျန်မြင်းဆော့ဖ်ဝဲလ်များ၊ အဖျက်ဖိုင်များ သို့မဟုတ် အခြားသော အဖျက်ကုဒ် သို့မဟုတ် ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခြင်း၊
- f. WeChat၊ ကျွန်ုပ်တို့၏စနစ်များ သို့မဟုတ် အခြားသုံးစွဲသူများ၏စနစ်များရှိ လုံခြုံရေးလုပ်ဆောင်ချက်များကို ရှောင်လွှဲခြင်း (သို့မဟုတ် ရှောင်လွှဲရန် ကြိုးစားခြင်း) သို့မဟုတ် အားနည်းချက်ကို သက်သေပြခြင်း သို့မဟုတ် စစ်ဆေးခြင်း၊
- g. WeChat ဆော့ဖ်ဝဲလ်တစ်စုံတစ်ရာကို ပရိုဂရမ်ပြန်လည်ရေးသားခြင်း၊ ပရိုဂရမ်ရေးသားထားမှုကို ပြန်ပြောင်းခြင်း သို့မဟုတ် အင်ဂျင်နီယာနည်းပညာကို ပြန်ပြောင်းခြင်း သို့မဟုတ် သက်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများအရ သင် အောက်ဖော်ပြပါတို့အား လုပ်ဆောင်သည်ကို ကျွန်ုပ်တို့က တားဆီးပိုင်ခွင့်မရှိသည့် အတိုင်းအတာအထိမှလွဲ၍ အထက်ဖော်ပြပါတစ်စုံတစ်ရာအား လုပ်ဆောင်ခြင်း၊
- h. WeChat ဆော့ဖ်ဝဲလ်အား လိုင်စင်ခွဲပေးခြင်း၊ ငှားယူခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ရောင်းချခြင်း၊
- i. စနစ်၊ အကောင့် သို့မဟုတ် ဒေတာတစ်စုံတစ်ရာထံသို့ တရားမဝင် ဝင်ရောက်ခွင့်ရရှိစေရန် WeChat ဆော့ဖ်ဝဲလ်ကို အသုံးပြုခြင်း၊
- j. WeChat ဆော့ဖ်ဝဲလ်အား အသုံးပြုခြင်း သို့မဟုတ် ဝင်ရောက်အသုံးပြုခြင်းအတွက် အခြားသူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အခကြေးငွေကောက်ခံခြင်း၊
- k. တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျွန်ုပ်တို့၏ပံ့ပိုးကူညီရေးထံ အကြံပြုခြင်း သို့မဟုတ် ထုတ်ကုန်၊ ဝန်ဆောင်မှု သို့မဟုတ် အကြောင်းအရာတစ်စုံတစ်ရာကို ထောက်ခံပေးခြင်း၊
- l. WeChat ဆော့ဖ်ဝဲလ်ကို မည်သည့်လူတစ်ဦးတစ်ယောက် သို့မဟုတ် လူပုဂ္ဂိုလ်များမှမဆို ကူးယူနိုင်စေခြင်း၊ ဒေါင်းလုဒ်လုပ်နိုင်စေခြင်း သို့မဟုတ် အသုံးပြုနိုင်စေခြင်း၊
- m. WeChat ဆော့ဖ်ဝဲလ်၌ သို့မဟုတ် ပေါ်တွင် တွေ့ရှိရသည့် မူပိုင်ခွင့်၊ ကုန်သွယ်မှုအမှတ်အသား သို့မဟုတ် အခြားသော ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးနှင့်ဆက်စပ်သော အသိပေးချက်တစ်စုံတစ်ရာကို ဖယ်ရှားခြင်း၊ ပိတ်ပင်ခြင်း သို့မဟုတ် ပြင်ဆင်မွမ်းမံခြင်း၊
- n. WeChat ဆော့ဖ်ဝဲလ်၏ ရင်းမြစ် သို့မဟုတ် ပိုင်ရှင်အား လွဲမှားစွာဖော်ပြခြင်း၊
- o. WeChat ဆော့ာဖ်ဝဲလ်ထံမှ ဆင့်ပွားထားသောအရာများကို ကူးယူခြင်း၊ ပြန်လည်ပြုလုပ်ခြင်း၊ လိုက်လျောညီထွေပြင်ဆင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ဘာသာပြန်ခြင်း သို့မဟုတ် ဖန်တီးခြင်း သို့မဟုတ် ငှားရမ်းခြင်း၊ ငှားခြင်း၊ ငှားယူခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ လိုင်စင်ခွဲခြင်း၊ လူသိရှင်ကြားထုတ်ဖော်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် တစ်နည်းအားဖြင့် အရာကိစ္စတစ်စုံတစ်ရာကို အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း အသုံးပြုခြင်း သို့မဟုတ် အထက်ဖော်ပြပါတစ်စုံတစ်ရာကို လုပ်ဆောင်ရန် ကြိုးစားခြင်း၊
- p. WeChat ဆော့ဖ်ဝဲလ်၏ တရားဝင်လည်ပတ်မှုအား ကြိုးကိုင်ခြယ်လှယ်ခြင်းအပါအဝင် WeChat ဆော့ဖ်ဝဲလ်ကို နှောင့်ယှက်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားခြင်း၊
- q. လိမ်လည်လှည့်ဖြားခြင်းများ၊ အမြတ်ထုတ်ခြင်းများ၊ WeChat ဆော့ဖ်ဝဲလ်အား ပြင်ဆင်မွမ်းမံရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် ဖန်တီးပြုလုပ်ထားသည့် စက်ဖြင့်အလိုအလျောက်လုပ်ဆောင်သော ဆော့ဖ်ဝဲလ် သို့မဟုတ် တရားမဝင် ပြင်ပအဖွဲ့အစည်း ဆော့ဖ်ဝဲလ်အား အသုံးပြုခြင်း၊
- r. WeChat ဆော့ဖ်ဝဲလ်အား ပေးဆောင်ရန် သို့မဟုတ် ပံ့ပိုးဆောင်ရွက်ရန် အသုံးပြုသည့် ကွန်ပြူတာ သို့မဟုတ် ဆာဗာများ သို့မဟုတ် အခြားသောသုံးစွဲသူ၏ WeChat ဆော့ဖ်ဝဲလ် အသုံးပြုမှုကို နှောင့်ယှက်ခြင်း သို့မဟုတ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း သို့မဟုတ်
- s. သင့်အားလုပ်ဆောင်ခွင့်ပေးကြောင်း WeChat မှတဆင့် ကျွန်ုပ်တို့ဖော်ပြထားသည့်နေရာမှလွဲ၍ ပလပ်အင်များ၊ ပြင်ပအစိတ်အပိုင်းများ၊ တွဲဖက်အသုံးပြုနိုင်သော သို့မဟုတ် အတွင်းပိုင်းတွင် ချိတ်ဆက်ထားသော ပစ္စည်းများ သို့မဟုတ် WeChat ဆော့ဖ်ဝဲလ်နှင့် အတွင်းပိုင်းတွင် ပေါင်းစပ်လည်ပတ်သည့် အခြားသောနည်းပညာအား ဖန်တီးတီထွင်ခြင်း (အကြောင်းကိစ္စရှိပါက အဆိုပါ WeChat ဆော့ဖ်ဝဲလ်အား သင်၏အသုံးပြုမှုသည် ကျွန်ုပ်တို့ သင့်ထံ အကြောင်းကြားမည့် ထပ်လောင်းစည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်မှုရှိမည်ဖြစ်သည်)။
7.3. တားမြစ်ထားသော အသုံးပြုသူများ
အောက်ဖော်ပြပါအခြေအနေတို့တွင် သင်သည် WeChat ၌ မှတ်ပုံတင်နိုင်မည်မဟုတ်ပါ သို့မဟုတ် အသုံးပြုနိုင်မည်မဟုတ်ပါ-
- a. သက်ငယ်မုဒိမ်းမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါက၊
- b. သင်သည် အသက် ၁၃ နှစ်အောက်ဖြစ်ပါက သို့မဟုတ် သင့်အား အသက်မပြည့်သေးသူအဖြစ် သတ်မှတ်ထားသော သင်၏တရားစီရင်ပိုင်ခွင့်အတွင်းရှိ သင့်လျော်သော အသက်အရွယ်အပိုင်းအခြားအောက်ဖြစ်ပါက သို့မဟုတ်
- c. ကျွန်ုပ်တို့သည် သင့်အကောင့်အား ယခင်ကပိတ်ပစ်ဖူးပြီး သင့်အား WeChat သို့မဟုတ် ကျွန်ုပ်တို့၏အခြားဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိတော့မည်မဟုတ်ကြောင်း အကြံပြုဖော်ပြထားပါက။
8. စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းချုပ်ထားသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ
အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များတွင် အချို့သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများသည် တရားမဝင်ဖြစ်နိုင်ပါသည် သို့မဟုတ် ကန့်သတ်ချက်များ၊ တားမြစ်ချက်များနှင့်အညီ ဖြန့်ဖြူးခြင်းနှင့်/သို့မဟုတ် ရောင်းချခြင်း လုပ်ဆောင်နိုင်ပါသည်။
မတူကွဲပြားသော တရားစီရင်ပိုင်ခွင့်များသည် အမျိုးမျိုးသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မတူကွဲပြားစွာ ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်း ကျွန်ုပ်တို့ လက်ခံပါသည်။ နိုင်ငံတကာရှိ သုံးစွဲသူများအားလုံးအတွက် ယင်းကို ဤမူဝါဒအားကျင့်သုံးရန်ဖြစ်သော ကျွန်ုပ်တို့၏ရည်မှန်းချက်နှင့် မျှတစွာ၊ တသတ်မတ်တည်း ချိန်ညှိရန် လိုအပ်ပါသည်။
ထို့ကြောင့် အချို့သော အခြေအနေများ၌ ကျွန်ုပ်တို့သည် အချို့သောအရာပစ္စည်းများအား ရောင်းချခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို လုံးဝတားမြစ်နိုင်ပါသည်။ အခြားသော အခြေအနေများ၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထုတ်ပြန်ထားသော အချို့ကန့်သတ်ချက်များ (ဥပမာ၊ အသက်အရွယ် သို့မဟုတ် ပထဝီဝင်ကန့်သတ်ချက်) နှင့်အညီ အဆိုပါရောင်းချမှု သို့မဟုတ် ဖြန့်ချိမှုကို ခွင့်ပြုနိုင်ပါသည်။ ယင်းကဲ့သို့သော ကန့်သတ်ချက်များအတွက် သက်ဆိုင်ရာဥပဒေများနှင့် လမ်းညွှန်ချက်များကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ပြင်ဆင်မွမ်းမံနိုင်ပါသည်။
ယင်းကဲ့သို့သော အရာပစ္စည်းများတွင် အောက်ပါတို့ ပါဝင်ပါသည်-
- a. ဆေးဝါးများ - မဖြန့်ချီမီ လိုင်စင် သို့မဟုတ် အခြားသော ဥပဒေရေးရာ အတည်ပြုချက်များလိုအပ်သည့် ဆေးကုသမှုဆိုင်ရာ သို့မဟုတ် ဆေးဖော်စပ်ထုတ်လုပ်မှုဆိုင်ရာ ဆေးဝါးများနှင့် အခြားသော ဆေးကုသခြင်းမဟုတ်သည့် သို့မဟုတ် အပန်းဖြေရန် အသုံးပြုသောဆေးများ (ဥပမာ ဆေးခြောက်) အပါအဝင်။
- b. လက်နက်အစိတ်အပိုင်းများ၊ ကျည်နှင့် အခြားသော အကြမ်းဖက်လက်နက်များ - အဆိုပါပစ္စည်းများအား 3D ဖြင့် ပုံဖော်သည့်ဖိုင်များ အပါအဝင်။
- c. လူ့သွေးအပါအဝင် ကိုယ်အင်္ဂါများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရောင်းချခြင်း သို့မဟုတ် ကုန်သွယ်ခြင်း။
- d. အရက်နှင့် ဆေးရွက်ကြီးထုတ်ကုန်များ။
- e. ကိုယ်အလေးချိန်လျှော့ချသည့် ထုတ်ကုန်များအပါအဝင် အလှအပရေးရာ လုပ်ငန်းစဉ်များ။
ထပ်လောင်းကန့်သတ်ချက်များ (နှင့် အဆိုပါကန့်သတ်ချက်များနှင့်စပ်လျဉ်းသော အသေးစိတ်အချက်အလက်များ) အား အခြားသော သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားမည်ဖြစ်ပါသည်။
9. ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများနှင့် အခြားသော အကြောင်းအရာများအား ကျွန်ုပ်တို့၏ ကိုင်တွယ်ဆောင်ရွက်ပုံ
ကျွန်ုပ်တို့သည် ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို အလေးအနက်ထားပြီး WeChat သည် သက်ဆိုင်သည့် ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများနှင့်ဆက်စပ်သော ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာကြောင်း သေချာစေရန် အမြဲတစေ ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် အဖွဲ့အစည်းတစ်ခု၏ ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုနှင့်/သို့မဟုတ် အခြားသော ပိုင်ဆိုင်မှု အခွင့်အရေးများအား ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို အချိန်မရွေး ဖယ်ရှားနိုင်ပါသည်။
ဉာဏ်ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများနှင့် အခြားသော အကြောင်းအရာများအား ကျွန်ုပ်တို့၏ ကိုင်တွယ်ဆောင်ရွက်ပုံမှာ အောက်ပါတို့နှင့် သက်ဆိုင်ပါသည်-
ထို့အပြင် ကျွန်ုပ်တို့သည် အောက်ဖော်ပြပါ တောင်းဆိုချက်များကို လိုက်နာပါသည် (သက်ဆိုင်သည့် ဥပဒေများနှင့်သက်ဆိုင်သော၊ သက်ဆိုင်ရာ WeChat မူဝါဒများနှင့်အညီ)-
- e. အသက်မပြည့်သေးသူ၏ အကောင့်အား ဖယ်ရှားပေးရန် မိဘများ၏တောင်းဆိုမှုအပါအဝင် ၎င်းတို့၏ကိုယ်ပိုင်အကောင့်ကို ဖျက်သိမ်းရန် သုံးစွဲသူ၏ တောင်းဆိုမှုများ။
- f. ကွယ်လွန်သွားသော အသုံးပြုသူ၏အကောင့်ကို ဖယ်ရှားပေးရန် စစ်ဆေးအတည်ပြုထားသော မိသားစုဝင် သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်ပိုင်ခွင့်ရှိသူထံမှ တောင်းဆိုချက်များ။
- g. မသန်စွမ်းဖြစ်နေသော သုံးစွဲသူ၏အကောင့်အား ဖယ်ရှားပေးရန် တရားဝင်ကိုယ်စားလှယ်ထံမှ တောင်းဆိုချက်များ။
- h. အချို့သောအခြေအနေများတွင် အသက်မပြည့်သေးသူနှင့်ဆက်စပ်သော ကိစ္စရပ်အားဖယ်ရှားပေးရန် တောင်းဆိုချက်များ။
10. အစိုးရအာဏာပိုင်များထံမှ တောင်းဆိုချက်များ
10.1. ကျွန်ုပ်တို့သည် အစိုးရအာဏာပိုင်များထံမှ WeChat နှင့်ပတ်သက်သော တောင်းဆိုချက်အမျိုးမျိုးကို လက်ခံရရှိပါသည်။ တောင်းဆိုမှုကို-
- a. တရားဥပဒေစိုးမိုးရေး အာဏာပိုင်များက ပြုလုပ်ခြင်းဖြစ်ပါက၊ တရားဝင်အသိပေးစာများ (ဥပမာ၊ တရားရုံးမှ အမိန့်စာ၊ တရားရုံး၏အမိန့်များ၊ တရားရုံလာရောက်ရန် ဆင့်ခေါ်စာများ၊ ရဲစုံစမ်းစစ်ဆေးမှုများ) အရ ပြုလုပ်ခြင်းဖြစ်ပါက အဆိုပါတောင်းဆိုမှုကို တရားဥပဒစိုးမိုးရေးအဖွဲ့၏ အချက်အလက်တောင်းဆိုမှုဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်သည်၊ ထို့အပြင်
- b. အပိုဒ် (က) အတိုင်းမဟုတ်ဘဲ နည်းဟန်တစ်ခုခုဖြင့် အစိုးရအဖွဲ့အစည်းတစ်စုံတစ်ရာက တောင်းဆိုခြင်းဖြစ်ပါက အဆိုပါတောင်းဆိုချက်အား ကျွန်ုပ်တို့၏ အစိုးရပိုင်းဆိုင်ရာ တောင်းဆိုမှု မူဝါဒနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။
11. နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာ အကြောင်းအရာ
11.1. ကျွန်ုပ်တို့သည် အောက်ဖော်ပြပါအခြေအနေများတွင် WeChat ပေါ်၌ နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာကို တားမြစ်ထားပါသည်-
- a. WeChat ပေါ်တွင် ပြသစေရန် အဆိုပါ နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာ (သက်ဆိုင်ရာ ကြော်ငြာတစ်စုံတစ်ရာ အပါအဝင်) အတွက် လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ငွေပေးချေထားခြင်း သို့မဟုတ်
- b. သက်ဆိုင်သော နိုင်ငံရေးပိုင်းဆိုင်ရာ အကြောင်းအရာသည် သက်ဆိုင်ရာ ဥပဒေများ သို့မဟုတ် စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိခြင်း။
11.2. "နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာ" သည် အောက်ဖော်ပြပါတို့နှင့်ပတ်သက်သော ကြော်ငြာအကြောင်းအရာ ဖြစ်သည်-
- a. ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း၊ နိုင်ငံရေးပါတီ သို့မဟုတ် ရွေးကောက်ခံရသော သို့မဟုတ် တာဝန်ပေးအပ်ခြင်းခံရသော အစိုးရအရာရှိ (နှင့် "ရွေးကောက်ပွဲ" တွင် ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒခံယူပွဲ သို့မဟုတ် ဆန္ဒမဲကောက်ခံခြင်း) သို့မဟုတ်
- b. တရားဥပဒေရေးရာ၊ စည်းကမ်းထိန်းသိမ်းရေးပိုင်းဆိုင်ရာ သို့မဟုတ် တရားရေးကိစ္စရပ်များနှင့်သက်ဆိုင်သော အပြောင်းအလဲများအပါအဝင် ယင်းကိစ္စရပ်များနှင့်စပ်လျဉ်းသော ရလဒ်များ။
ထို့အပြင် ကျွန်ုပ်တို့သည် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း၊ နိုင်ငံရေးပါတီ သို့မဟုတ် တာဝန်ပေးအပ်ခြင်းခံရသော အစိုးရအရာရှိထံမှ သို့မဟုတ် ၎င်းတို့က ငွေပေးချေသည့် နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာကိုလည်း လက်မခံပါ။
11.3. နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-
- a. ရွေးကောက်ပွဲတွင် မဲပေးရန် တောင်းဆိုခြင်း။
- b. နိုင်ငံရေးပိုင်းဆိုင်ရာ ရည်ရွယ်ချက်တစ်ခုအတွက် ငွေကြေးထောက်ပံ့မှုပေးရန် တောင်းဆိုခြင်း။
- c. တရားဥပဒေရေးရာ၊ စည်းကမ်းထိန်းသိမ်းရေးပိုင်းဆိုင်ရာ သို့မဟုတ် တရားရေး ရလဒ်တွင် အပြောင်းအလဲများဖြစ်လာစေရန် တောင်းဆိုခြင်း။
- d. နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာများအား ထောက်ခံအားပေးခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း။
11.4. မတူကွဲပြားသော တရားစီရင်ပိုင်ခွင့်များတွင် နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာအပေါ် စိုးမိုးသော ဥပဒေအမျိုးမျိုးရှိကြောင်း ကျွန်ုပ်တို့ လက်ခံပါသည်။ ကျွန်ုပ်တို့သည် အဆိုပါဥပဒေများအား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါက လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့တွင် နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာများနှင့်စပ်လျဉ်းသော အချက်အလက်များကို ထိန်းသိမ်းထားရှိခြင်းနှင့် အဆိုပါအချက်အလက်များကို သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များထံ ထုတ်ဖော်ခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် အစိုးရအာဏာပိုင်များသည် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ၊ ကျွန်ုပ်တို့၏ အစိုးရပိုင်းဆိုင်ရာ တောင်းဆိုမှု မူဝါဒအရ နိုင်ငံရေးပိုင်းဆိုင်ရာ ကြော်ငြာအကြောင်းအရာကို ဖယ်ရှားပစ်ရန် လိုအပ်နိုင်ပါသည်။
11.5. ကျွန်ုပ်တို့သည် ဤနယ်ပယ်ကဏ္ဍကို ဆက်လက်သုံးသပ်သွားမည်ဖြစ်ပြီး နိုင်ငံဆိုင်ရာ သီးခြား သို့မဟုတ် အခြားသော တားမြစ်ချက်များ သို့မဟုတ် ကန့်သတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရံဖန်ရံခါတွင် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါတားမြစ်ချက်များ သို့မဟုတ် ကန့်သတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့၏အသုံးပြုသူများကို အသိပေး၊ အကြောင်းကြားသွားမည်ဖြစ်သည်။
12. ကျွန်ုပ်တို့အား ဆက်သွယ်ရန်နည်းလမ်း
ဤမူဝါဒအား ချိုးဖောက်မှုတစ်စုံတစ်ရာ (သို့မဟုတ် ဖြစ်ပွားလာနိုင်ချေရှိသော ချိုးဖောက်မှုများ) ကို တိုင်ကြားရန် သို့မဟုတ် ဤမူဝါဒနှင့်စပ်လျဉ်းသည့် အခြားသော မေးမြန်းလိုသည်များရှိပါက ကျွန်ုပ်တို့ထံသို့ policy@wechat.com မှတဆင့် ဆက်သွယ်ပါ။
တောင်ကိုရီးယားနိုင်ငံ တရားစီရင်ပိုင်ခွင့်တွင် အကျုံးဝင်သည့် သုံးစွဲသူများအတွက် ဖြည့်စွက်ချက်
သင်သည် တောင်ကိုရီးယားနိုင်ငံ တရားစီရင်ပိုင်ခွင့်တွင် အကျုံးဝင်သည့် WeChat သုံးစွဲသူတစ်ဦးဖြစ်ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲ စည်းကမ်းသတ်မှတ်ချက်များကို- (i) ယခုမူဝါဒတွင် ထည့်သွင်းထားပါသည်၊ (ii) သင်၏ WeChat သုံးစွဲမှုအပေါ် သက်ရောက်ပါသည်၊ နှင့် (iii) မကိုက်ညီမှုများရှိသည်အထိ ယခုမူဝါဒ၏ ခေါင်းစည်းစည်းကမ်း သတ်မျတ်ချက်များကို အစားထိုးထားသည်။
တရားမဝင်ဗီဒီယိုအကြောင်းအရာများပါဝင်သည့် သုံးစွဲသူက အပ်လုတ်ပ်လုပ်ထားသည့်ပို့စ်များကို သက်ဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
တရားမဝင်ဗီဒီယိုအကြောင်းအရာများပါဝင်သည့် သုံးစွဲသူက အပ်လုတ်ပ်လုပ်ထားသည့်ပို့စ်များနှင့် သက်ဆိုင်ရာ တောင်ကိုရီယားနိုင်ငံ ဥပဒေများနှင့်အညီ ပြစ်မှုဆိုင်ရာအကျိုးဆက်များ ရှိသည့်အခြေအနေများနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း အက်ဥပဒေပုဒ်မ 22-5(1)အရ ပို့စ်ကို ပြသမှုပိတ်ဆို့ခြင်း သို့မဟုတ် ဖျက်ခြင်း သို့မဟုတ် ပို့စ်တင်ရန်ငြင်းဆိုခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်။